ကလေးတွေရဲ့ အကြည့်မှာ...
(၄)နှစ်ကလေးရဲ့ အကြည့်မှာ ဘာကိုမြင်နိုင်မလဲ? ခွေးကလေး၊ ကြောင်ကလေး? ချိုချဉ်၊ ဘီစကစ်? ကစားစရာ? ဒါမှမဟုတ် ရာဇဝင်ပုံပြင်ထဲက နတ်ကလေးတွေလား?
ကျွန်မတို့အိမ်ဘေးမှာ "ဖူးပွင့်"ဆိုတဲ့ အသက်(၄)နှစ်အရွယ် ကလေးမတစ်ယောက်ရှိတယ်။ တစ်နေ့မှာ မူကြိုဆရာမက သူ့ကို ငါးကလေးနဲ့ချက်ထားတဲ့ ဆန်ပြုတ်ကို တိုက်ခဲ့တယ်။ ဒါပေမယ့် သူမစားခဲ့ဘူး။ သူ့မျက်လုံးထဲမှာ ငါးကလေးတွေ မျက်လုံးအပြူးသားနဲ့ သူ့ကို စိုက်ကြည့်နေတယ်လို့ပဲ မြင်ခဲ့တယ်။
"ဒီငါးကလေးတွေက ငါးဖေဖေ၊ ငါးမေမေရင်ခွင်ထဲနေပြီး ပင်လင်ပြင်မှာ ဆော့ကစားရမယ့်အရွယ်မှာ ဘာဖြစ်လို့ ဒီပန်းကန်ထဲရောက်နေခဲ့သလဲ?"
ငါးကလေးတွေရဲ့ ထိခိုက်ဝမ်းနည်းတဲ့ မျက်လုံးတွေက ငယ်ရွယ်တဲ့ သူ့စိတ်နှလုံးအိမ်ထဲ စူးစူးနစ်နစ် တိုးဝင်ခဲ့တယ်။ သူမျက်ရည်မကျခဲ့ပေမယ့် အဲဒီဆန်ပြုတ်ကို လုံးဝမစားခဲ့ဘူး။
အဲဒီနေ့ကစပြီး သူ့စိတ်ထဲမှာ အဓိဌာန်လေးတစ်ခု တိတ်တိတ်လေး ချထားခဲ့တယ်။ တစ်ခြားကလေးတွေလို ခါတိုင်းဆော့ကစားနေကျအတိုင်း သူဆော့ကစားတယ်။ ဒါပေမယ့် သူအစားရွေးလာခဲ့တယ်။ ဒါကို စစချင်းမှာ အိမ်သားတွေ သတိမထားမိခဲ့ကြဘူး။ နောက်တော့ McDonald စားတဲ့အချိန် အရွက်နဲ့အာလူးချောင်းကြော်ပဲ သူရွေးစားခဲ့တာကို သတိထားမိကြတယ်။ အဘွားအိမ် ထမင်းသွားစားချိန်မှာလည်း အရင်က ကြိုက်ခဲ့တဲ့အသားနဲ့ ငါးတွေကို သူမစားခဲ့လို့ အဘွားက "သူ့အသက်ငယ်ငယ်မှာ ဘာလို့သက်သတ်လွတ် စားခိုင်းသလဲ" လို့ မေးခဲ့တော့ သူဘာမှ မဖြေခဲ့ဘူး။
တစ်နေ့မှာ သူ့လွယ်အိတ်ထဲကနေ သက်ရှိတွေကို တန်ဖိုးထားသင့်တဲ့ ပုံပြင်စာအုပ်လေးတစ်အုပ်ကို တွေ့လိုက်မှ သူ့ကိုဘာကြောင့် အသားမစားဘဲ သက်သတ်လွတ်စားရသလဲလို့ မေမေကမေးလိုက်တယ်။ အဲဒီအချိန်ကျမှ မူကြိုကကျွေးတဲ့ နေ့လယ်စာ ငါးဆန်ပြုတ်အကြောင်းကို သူပြောပြလိုက်တယ်။ ငါးကလေးတွေ သူ့ကိုကြည့်နေတဲ့အကြောင်း မေမေကို ပြောပြလိုက်တယ်။
(၄)နှစ်အရွယ် ဖူးပွင့်ရဲ့အကြည့်မှာ ရှင်သန်ဖို့အတွက် ဖမ်းယူသူတွေရဲ့ လက်ထဲကနေ အလွတ်ရုန်းနေကြတဲ့ ငါးကလေးတွေကို တွေ့ခဲ့တယ်။
(၄)နှစ်အရွယ် အိုင်းရစ်ရဲ့ အကြည့်မှာတော့ လူတွေရဲ့နာကျင်ဝမ်းနည်းခြင်းတွေကို တွေ့မြင်ခဲ့တယ်။
အမေရိကန်မှာနေထိုင်တဲ့ အိုင်းရစ်ဟာ တီဗွီပေါ်ကနေ အီသီယိုးပီးယားကလေးငယ်တွေကို တွေ့ခဲ့တယ်။ အကူအညီမဲ့တဲ့ မျက်လုံးအစုံနဲ့ တီဗွီဖန်သားကနေတစ်ဆင့် ကလေးငယ်တွေ သူ့ကိုကြည့်နေတဲ့အချိန် ပန်းကန်ထဲက ကြက်သားတုံးကို အိုင်းရစ်စားမဝင်ခဲ့တော့ဘူး။
"ဒီကြက်သားတွေ သူတို့ကို ပေးလိုက်ချင်တယ်" အဘွားကို အိုင်းရစ်ပြောတော့ အဘွားက
"အီသီယိုးပီးယားဆိုတာ အဝေးကြီး.. ဒီကြက်သားရောက်တဲ့အချိန် သူတို့စားလို့ မရတော့ဘူး"
"သမီးတို့အိမ်ပတ်ဝန်းကျင်မှာ ထမင်းမစားသေးတဲ့ ကလေးတွေရှိမှာပေါ့နော် ဘွားဘွား"
"အင်း.. ရှိနိုင်တယ်"
"ဒီလိုဆိုရင် ဒီကြက်သား သူတို့ကိုပေးလိုက်ရအောင်"
ဒီလိုနဲ့ တီဗွီဖန်သားပြင်ပေါ်က ဆာလောင်ငတ်မွတ်တဲ့ မျက်လုံးအစုံဟာ အိုင်းရစ်ရဲ့နှလုံးသားကို မေတ္တာတွေနဲ့ လှုပ်နိုးခဲ့တယ်။ အဲဒီလိုနဲ့ အိုင်းရစ်ဂျွန်ဆင်ဆိုတဲ့ charity အဖွဲ့အစည်းတစ်ခု ပေါ်လာခဲ့တယ်။
(၄)နှစ်ကလေးအရွယ်ရဲ့ အကြည့်ထဲမှာ ဘာတွေတွေ့နိုင်သလဲ? ကျွန်တော်တို့ရဲ့မျက်လုံးမှာ အတ္တတွေ ဖုံးလွှမ်းနေချိန်၊ စိတ်တံခါးတွေ မပွင့်နိုင်ချိန်မှာ ကလေးတွေရဲ့ အပြစ်ကင်းစင်တဲ့ အကြည့်တွေက ကျွန်တော်တို့ကို အမှန်မြင်နိုင်အောင်၊ ကြည်ကြည်လင်လင်မြင်နိုင်အောင် ဦးဆောင်လမ်းညွှန်ပေးခဲ့တယ်။
မူရင်းရေးသားသူ.... ) 四歲小女孩的眼睛
နိုင်းနိုင်းစနေ ဘာသာပြန်သည်။