Tuesday, December 02, 2008

ခင်ပွန်းရဲ့ ချစ်သူ


ခေါင်းစဉ်ကိုကြည့်တာနဲ့ အိမ်ထောင်ရေးဇာတ်၊ သုံးပွင့်ဆိုင်ဇာတ် ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုပါပဲ... ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ စိတ်များ၊ သံယောဇဉ်တွေပွါးပြီး တစ်ဦးထက် ပိုချစ်မိ၊ ပိုတွယ်တာမိတတ်သူတွေ ရှိတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကြုံတွေ့နေတာတွေ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြသလို ကိုယ်တိုင် ခံစားနေရသူတွေလည်း ရှိကြမှာပါ။ လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် ဒီလိုအဖြစ်မျိုး ကိုယ်တိုင် မကြုံနိုင်ဘူးလို့လည်း တစ်ထစ်ချ ပြောလို့မရပါဘူး။ အချစ်မှာ နောက်တစ်ယောက်ပိုလာရင် ခံစားရသူတွေက နှစ်ယောက်ထက် မကပါဘူး။

ဖတ်မိတဲ့ “ခင်ပွန်းရဲ့ချစ်သူ” ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ ဖတ်ရလွယ်အောင် နာမည်တွေကို ပြောင်းလဲရေးသားထားတဲ့အတွက် တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ကြပါလို့....

“ခင်ပွန်းရဲ့ချစ်သူ”

လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုအချိန်မှာ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့ ခွဲစိပ်ကုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်း မုန်းခဲ့မိတယ်......

စစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစ

ဝတ်စုံဖြူဝတ် နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့ အချိန်ရှိပါတယ်။

၂ဝဝ၂ ခုနှစ် နိုဝင်ဘာလရဲ့ ဆောင်းညတစ်ည... မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် နှင်းတွေ ကျနေခဲ့တယ်။ အသက် ၃ဝကျော် သားဖွားမီးယပ်ဆရာဝန် ယွန်းက ဒီညမှာ နိုက်ဂျူတီကျတယ်။ ရုတ်တရက် အရေးပေါ် လူနာတစ်ဦးကို ၁၁ဝ က ပို့လာတဲ့သတင်း သူရလိုက်တယ်။

လူနာက လှေကားပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိုယ်ဝန်သည်တစ်ဦးဖြစ်တယ်။ ဒဏ်ရာပြင်းထန်ပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့တယ်။ မိခင်ရော ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရလို့ ချက်ချင်း ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်။ ခွဲစိပ်ဖို့အတွက် အလျှင်အမြန် ပြင်ဆင်ပြီး အရေးပေါ်ခန်းထဲ ဒေါက်တာယွန်း ဝင်လိုက်တယ်။ အခန်းထဲအရောက် လူနာအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ့ရဲ့သွေးခုန်နှုန်းဟာ ငယ်ထိပ်အထိ ထိုးတက်ခဲ့တယ်။ မျက်စိရှေ့က အရာအားလုံးကို အိပ်မက်တွေလားလို့ ထင်မိတယ်။ ဒါပေမယ့် ဒါတွေဟာ အိပ်မက်မဟုတ်ဘူး.... သူ့မျက်စိရှေ့မှာ ဆန့်ဆန့်ကြီးလဲနေသူက တကယ်ပဲ သူ့ခင်ပွန်းရဲ့ချစ်သူဖြစ်နေခဲ့တယ်။

မိစ္ဆာတစ်ကောင်လို သူ့ကို အရက်ရက် အလလ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ မိန်းမ... အခုချိန်မှာတော့ သူ့မျက်စိရှေ့မှာ လဲလျောင်းပြီး နာကျင်ညည်းတွားနေခဲ့တယ်။ ဒီမျက်နှာကို ယွန်းအပြင်မှာ တစ်ခါမြင်ဖူးခဲ့လို့ သေရာပါ အမှတ်အသားအဖြင့် မှတ်မိနေခဲ့တယ်။ ဒါဟာ သူတစ်ပါးရဲ့ အိမ်ထောင်ရေးကို ပြိုကွဲအောင် ဖျက်ဆီးခဲ့တဲ့ မိန်းမတစ်ယောက်အတွက် ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်းပေပဲလား?

ယွန်းရဲ့ ရင်ထဲမှာ လှိုင်းထန်နေတယ်။ ရပ်နေရာက တစ်လှမ်းမှ သူ မရွေ့ခဲ့မိဘူး။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေက အလုပ်ရှုပ်နေကြပြီ။ လူနာရဲ့ နာကျင်ညည်းတွားသံက ပိုကျယ်လောင်လာခဲ့ပေမယ့် ယွန်းရဲ့ လှုပ်ရှားမှုတွေ ပိုနှေးကွေးလာခဲ့တယ်။ စိတ်ထဲမှာလည်း မွေးခွန်းတွေ ထုတ်နေမိတယ်။

“သူ့ကို ငါဘာဖြစ်လို့ ကယ်ရမလဲ? ကလေးသေတာ ဘုရားသခင် သူ့ကို ဒဏ်ခတ်တာပဲ။ ကလေးမရခဲ့ရင် ငါ့ယောက်ျား ငါ့ဆီ ပြန်လာနိုင်သေးတယ်။ ဘုရားသခင်ပေးတဲ့ ဒီအခွင့်အရေးကို ငါဘာလို့ လက်လွတ်ပြီး သူ့ကိုကယ်ရမလဲ?”

ခြေထောက်တွေကို သံမှိုစွဲထားသလား ထင်ရလောက်အောင် ယွန်း မလှုပ်မယှက် ရပ်နေမိတယ်။ အဲဒီအချိန်မှာ နာကျင်ခံစားနေရတဲ့ အသံတစ်သံက သူ့ကို လှုပ်နိုးလိုက်တယ်။ သူသတိဝင်လာတဲ့အချိန် အဲဒီအသံဟာ ကိုယ့်စိတ်ထဲကလာတဲ့ အသံဖြစ်မှန်း သူသတိထားလိုက်တယ်။ လူနာကုတင်နား ယွန်းကပ်သွားမိတယ်။ ဆရာဝန်တွေရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကျမှုတွေ ထပ်ဟပ်နေတယ်။ လူနာက ရုတ်တရက် ယွန်းလက်ကိုဆွဲလိုက်တယ်။

“မမ... မမ ကျွန်မကို မုန်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ကလေးအသက်ကို ကယ်ပါ မမ။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ သေချင်သေသွားပါစေ။ ကလေးရဲ့ အသက်ကို အရကယ်ပေးပါ မမ။ ဒီကလေးဟာ သူ့သွေးပါ မမ”

တစ်ခါမှ မခံစားဖူးတဲ့ တွေဝေမှုတွေ ယွန်းရင်ထဲမှာ ပြည့်ကျပ်နေတယ်။ ခင်ပွန်းက ယွန်းကို သစ္စာဖောက်ခဲ့တယ်။ ယွန်းရဲ့ ခင်ပွန်းနာမည်က ကိုချမ်းငြိမ်း။ နာမည်ကြီး စီးပွါးရေးကုမ္ပဏီတစ်ခုက မန်နေဂျာဖြစ်တယ်။ အရပ်မြင့်မြင့်၊ ခန္ဓာတောင့်တင်းတဲ့ ကိုချမ်းငြိမ်းက ယွန်းထက် နှစ်နှစ်ကြီးတယ်။

လက်ထပ်ပြီးစမှာ နှစ်ယောက်လုံး ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် ခင်ပွန်းအနားမှာ အမြဲနေဖို့ ယွန်းမှာ အချိန်မလုံလောက်ခဲ့ဘူး။ ဆေးရုံမှာ တစ်နေကုန် တစ်နေ့ကို ကလေး ဆယ်ယောက်လောက် မွေးဖွားပေးနေရတယ်။ မမွေးဖွားနိုင်တဲ့ လူနာတွေကို ကယ်တင်နေရတယ်။ တစ်ခါတလေ နေ့ညပြောင်းပြန် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့လည်း သမီးငယ်ကို ပြုစုရသေးတယ်။ တစ်နေကုန် မောပန်းလွန်းလို့ အိပ်ရာပေါ် ခေါင်းချတာနဲ့ အိပ်ပျော်တော့တယ်။ ခင်ပွန်းက လူကြီး ဖြစ်နေပြီဖြစ်တဲ့အတွက် သူ့ကိုယ်သူ ဂရုစိုက်နိုင်လိမ့်မယ်လို့ ယွန်းထင်ခဲ့တယ်။ ဒါပေမယ့် “ယောက်ျားတွေက ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေး” ဆိုတဲ့ အဆိုကို သူမေ့သွားခဲ့တယ်။ ခင်ပွန်းကို ပိုဂရုစိုက် ပြုစုရမယ်ဆိုတာကို သူမေ့လျှော့နေခဲ့တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကို တာဝန်လှစ်ဟင်းခဲ့တယ်လို့ ယွန်း သူ့ကိုယ်သူ အပြစ်တင်ပြီး ခွင့်မလွတ်နိုင်ဖြစ်ခဲ့တယ်။

၂ဝဝ၁ ခုနှစ် နွေရာသီ

အလုပ်ကိစ္စနဲ့ ကိုချမ်းငြိမ်း ထိုင်းနိုင်ငံကို သွားရောက်ခဲ့ရတယ်။ ရေစိမ်း၊ မြေစိမ်းဖြစ်တဲ့အတွက် ဝမ်းကိုက်ရောဂါကို အပြင်းအထန် ခံစားခဲ့ရတယ်။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ဆေးရုံတန်းပို့တဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဆေးရုံကို ယွန်းရောက်သွားတဲ့အချိန် ခင်ပွန်းက မေ့မြောနေခဲ့တယ်။ ယွန်းငိုမိတယ်... ခင်ပွန်းရဲ့နာမည်ကို အော်ခေါ်ပြီး ယွန်း ငိုခဲ့မိသလို ခံစားနေတာတွေ ပျောက်အောင် သူ့ကိုယွန်းနမ်းခဲ့တယ်။ ခင်ပွန်း သတိပြန်လည်လာတဲ့အချိန် ယွန်းငိုနေတာကို တွေ့တော့ အားတင်းပြုံးပြီး “ မောင့်အတွက် ယွန်းမျက်ရည်ကျလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ယွန်းစိတ်ထဲမှာ သမီးငယ်နဲ့ အလုပ်ပဲ ရှိတယ်လို့ ထင်ခဲ့မိတယ်” လို့ ပြောတယ်။

“မောင့်ကို ယွန်းအရမ်းချစ်တာ မောင် မသိခဲ့ဘူးလားဟင်? မောင်ဟာ ယွန်းဘဝမှာ အရေးအပါဆုံး။ မောင် သေလို့ မဖြစ်ဘူး။ မောင် သေသွားရင် ယွန်းတို့ သားအမိဘယ်လို လုပ်မလဲမောင်? မောင့်ကို ယွန်းအရမ်းချစ်တယ်”

အဲဒီအချိန်ကျမှ ခင်ပွန်းကိုချမ်းငြိမ်းကို “ချစ်တယ်” ဆိုတဲ့စကား ယွန်းမပြောဖြစ်ခဲ့တာ ကြာပြီဖြစ်ကြောင်း ယွန်းကိုယ့်ကို သတိထားလိုက်မိတယ်။ ဒါကြောင့် ကိုချမ်းငြိမ်းက ခနဲ့တာဖြစ်မယ်။ ဒါပေမယ့် သူခနဲ့တဲ့စကားက ယွန်းစိတ်ကို မနိုးကြားနိုင်ခဲ့သေးပါဘူး။

ကိုချမ်းငြိမ်း ဆေးရုံဆင်းမယ့်နေ့က မိန်းမငယ် ချောချောလေးတစ်ဦး အခန်းဝမှာ ရစ်သီရစ်ဝဲ လုပ်နေတယ်။ ယွန်းရှိနေလို့ အခန်းထဲကို ဝင်မလာခဲ့ဘူး။ မိန်းကလေးကို သိလားလို့ ကိုချမ်းငြိမ်းကို မေးတော့ မသိဘူးလို့ ငြင်းတယ်။

“ယွန်းအမျိုးသားက တက်လမ်းရှိသူ၊ ကြိုးစားသူဖြစ်တယ်။ သံယောဇဉ်လည်း ကြီးတယ်။ ခင်ပွန်းကို ယွန်း “အထူး ဂရုစိုက်၊ စိုးရိမ်ရမယ်”လို့ မိတ်ဆွေ သူငယ်ချင်းတစ်ချို့ရဲ့ သတိပေးစကားကို ယွန်း ကြားယောင်လိုက်မိတယ်။ အဲဒီတုန်းက သူတို့ရဲ့ သတိပေးစကားကို ယွန်း ပျက်ရယ်ပြုခဲ့မိတယ်။ ကိုချမ်းငြိမ်းဟာ သမီးလေးကို အရမ်းချစ်တယ်။ မိသားစုအပေါ် သံယောဇဉ်ကြီးတယ်။ ယွန်းတို့သားအမိ စိတ်ဆင်းရဲအောင် သူလုပ်ရက်မှာ မဟုတ်ဘူးလို့ ယွန်းယုံကြည်ခဲ့မိတယ်။

ကိုယ့်ထင်မြင်ချက်ကို အရမ်းယုံကြည်ခဲ့တဲ့ ယွန်းတစ်ယောက် ကိုချမ်းငြိမ်း အိမ်အပြန် နောက်ကျလာတာကို တဖြေးဖြေး သတိထားလာခဲ့မိတယ်။ ရုံးပိတ်ရက်၊ ပွဲတော်ရက်တွေတောင် အိမ်မှာ အနေနည်းလာခဲ့တယ်။ သူ မလျှော်ပေမယ့် ဖြူစင်သန့်ရှင်းနေတဲ့ ကိုချမ်းငြိမ်း အဝတ်အစားတွေကို တွေ့တော့ သူ စစ်မေးခဲ့ပါတယ်။ ကိုချမ်းငြိမ်းက လုပ်ငန်းရှင်တွေ ပြုစုတာ၊ ယွန်းပင်ပန်းမှာစိုးလို့ တည်းခိုခန်းက ဝန်ထမ်းတွေကို လျှော်ဖွပ်ခိုင်းတာ စတာတွေ ပြောခဲ့တယ်။ အိမ်မပြန်အိပ်ဖြစ်တဲ့ ညတွေက တည်းခိုခန်းတစ်ခုမှာ အခန်းငှားထားပြီး ညအရမ်းနက်ခဲ့ရင် အဲဒီမှာပဲ အိပ်ဖြစ်ခဲ့ကြောင်း ရှင်းပြပါတယ်။

၂ဝဝ၂ ခုနှစ် သြဂုတ်လ.... လုပ်ဖော်ကိုင်ဖက် တစ်ဦးက သူတွေ့ခဲ့တဲ့ အံ့သြစရာ ကိစ္စတစ်ရပ်ကို ယွန်းဆီ တိုးတိုးတိတ်တိတ် သယ်လာခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်က သူ့မိတ်ဆွေဖွင့်တဲ့ ဆေးခန်းမှာ ကိုယ်ဝန်ဆောင် မိန်းမငယ်တစ်ဦး လာပြခဲ့ကြောင်း၊ အဲဒီမိန်းမငယ်ကို ဟွန်ဒါကားနဲ့ လာပို့ကြောင်း၊ ဒီလို လူကုံထံ ကိုယ်ဝန်သည်တစ်ဦးက အကောင်းစား ဆေးခန်း၊ ဆေးရုံတွေမှာ မပြဘဲ ဒီလို ချောင်ကျကျ ဆေးခန်းငယ်မှာ လာပြတဲ့အတွက် သူထူးဆန်း အံ့သြမိကြောင်း ပြောပြတယ်။ ယွန်းလည်း စိတ်ဝင်စားပြီး ကားနံပါတ်ကို စုံစမ်းခိုင်းကြည့်မှ ကားပိုင်ရှင်ဟာ ကိုယ့်ခင်ပွန်း ကိုချမ်းငြိမ်းဖြစ်နေတာကို သိလိုက်ရတယ်။

ယွန်း တစ်ကိုယ်လုံး ရှိသမျှသွေးတွေ ဦးနှောက်ထဲအထိ ထိုးတက်လာခဲ့တယ်။ အလုပ်ကို စောစောဆင်းပြီး ကိုချမ်းငြိမ်းရဲ့ ကုမ္ပဏီကို လိုက်သွားခဲ့တယ်။ ကိုချမ်းငြိမ်းရဲ့ ကား ကုမ္ပဏီရှေ့မှာ ရပ်ထားတုန်းပဲ။ မုန့်ဆိုင်လေး တစ်ဆိုင်နောက်မှာ ယွန်းကွယ်ပြီး ရပ်စောင့်နေမိတယ်။ ကိုချမ်းငြိမ်း ကားမောင်းထွက်သွားတဲ့အထိ ယွန်း ရပ်စောင့်နေမိတယ်။ အဲဒီနောက် တက်စီတစ်စီးငှားပြီး ကိုချမ်းငြိမ်းကားနောက် လိုက်ခဲ့မိတယ်။ တိုက်ခန်းတစ်ခုရှေ့မှာ ကိုချမ်းငြိမ်းကားရပ်ပြီး တိုက်ပေါ်တက်သွားတာကို တွေ့လိုက်တယ်။ တိုက်အောက်မှာ ယွန်း ညနက်တဲ့အထိ ရပ်စောင့်နေခဲ့မိတယ်။

ညသန်းခေါင်ရောက်မှ ကိုချမ်းငြိမ်းရဲ့ ဖုန်းကို ဆက်သွယ်နိုင်ခဲ့တယ်။ ကိုချမ်းငြိမ်းက သူ ခရီးလွန်နေကြောင်း၊ ဒီည အိမ်ပြန်ဖြစ်မှာ မဟုတ်တဲ့အကြောင်း၊ ယွန်းကို အရင် အနားယူဖို့ ပြောတယ်။ ဖုန်းပြောရင်း ယွန်းတစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေမိတယ်။

ကိုယ့်အချစ်ရဆုံးသူက ကိုယ့်ကိုသစ္စာဖောက်သွားခဲ့ပြီ။ ကိုယ့်က ဘာမှ မသိခဲ့ရဘူး။ ဘယ်လို လုပ်မလဲ? ဘယ်လိုလုပ်ရင် ကောင်းမလဲ?

ရက်အနည်းငယ် ကြာမှာ “ခရီးလွန်” နေရာမှ ကိုချမ်းငြိမ်း ပြန်ရောက်လာခဲ့တယ်။ နာကျင်ခံစားမှုတွေကို ညည်းမခံနိုင်တော့ဘဲ ကိုချမ်းငြိမ်း ပြန်ရောက်ရောက်ချင်း အဖြစ်မှန်ကို ယွန်း ဆီးကြိုမေးလိုက်တယ်။ ကိုချမ်းငြိမ်း မဟုတ်ဘူးလို့ ငြင်းခဲ့ရင် ဖြစ်ပျက်ခဲ့သမျှကို ပြည့်ဖုံးကားချ မေ့ပစ်ဖို့ ယွန်းမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ကိုချမ်းငြိမ်း မငြင်းခဲ့ဘူး။ ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့တယ်။ အဲဒီမိန်းကလေးကို အလုပ်မှာ ရင်းနှီးခဲ့ကြောင်း၊ အသက် ၂၅နှစ်သာ ရှိသေးကြောင်း ပြောပြတယ်။

အဲဒီကောင်မလေးကို အရမ်းချစ်လားလို့ ယွန်းမေးတော့ ကိုချမ်းငြိမ်းက ဝန်မခံသလို၊ ငြင်းလည်းမငြင်းဆန်ခဲ့ဘူး။ အဲဒီကောင်မလေးရဲ့ ဘာကိုချစ်သလဲလို့ မေးပြန်တော့ ကိုချမ်းငြိမ်းက သက်ပြင်းတစ်ခုကို ဆွဲချရင်း...

“သူက သနားကြင်နာစရာ ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ မဟုတ်မခံစိတ် ရှိပေမယ့် ငါဟာ အရေးပါသေးတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ခံစားမိအောင် သူလုပ်ခဲ့တယ်”

ယွန်းမျက်ရည်တွေ စီးကျလာမိတယ်။ ကိုချမ်းငြိမ်းရဲ့ စကားက အလုပ်ကြောင့် သူ့ကို လျှစ်လျှူရှူထားခဲ့မိတဲ့ ယွန်းကို အပြစ်တင်နေမှန်း ယွန်းသိလိုက်တယ်။

လင်ယောက်ျားကို ရွံ့မုန်းမိသလို ကိုယ့်ကိုယ်ကိုလည်း ယွန်းအပြစ်တင်နေမိတယ်။ တစ်ကနေ ပြန်စဖြစ်ရင် ကိုယ်ဘာလုပ်သင့်သလဲ? ဆိုတာကို ယွန်းသိခဲ့ပါတယ်။ အရာရာကို မေ့ပြီး အသစ်ကနေ ပြန်စဖို့ ယွန်းမျှော်လင့်ခဲ့ပေမယ့် ကိုချမ်းငြိမ်းရဲ့ အပြုအမှုတွေက သူ့မျှော်လင့်ချက်ကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်။

အဲဒီကောင်မလေးမှာ ကိုယ်ဝန်(၆)လ လွယ်ထားရပြီဖြစ်ကြောင်း၊ ဒီရင်သွေးကို သူမလိုချင်ခဲ့ပေမယ့် ကောင်မလေးက သူ့ကို ထပ်သလဲလဲ တောင်းပန်ခဲ့ကြောင်း၊ နောက်ဆုံး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ တောင်းဆိုလာကြောင်း ကိုချမ်းငြိမ်းက ပြောတယ်။ နောက်ပြီး ကိုချမ်းငြိမ်းအတွက် သားယောက်ျားလေးတစ်ဦး မွေးဖွားပေးချင်ကြောင်း၊ ဘာဥစ္စာစည်းစိမ်မှ မလိုကြောင်းနဲ့ ကိုချမ်းငြိမ်းကို ပျော်ရွှင်အောင်ထားမယ်လို့ ပြောလာခဲ့လို့ (၂)နှစ်ကြာ တွယ်ငြိလာတဲ့ သံယောဇဉ်ကြောင့် ကိုချမ်းငြိမ်းလဲ မရက်စက်နိုင်တဲ့အကြောင်း ရှင်းပြခဲ့တယ်။

နောက်ဆုံး ကောင်မလေးအတွက် တိုက်ခန်းတစ်ခန်း ဌားပေးခဲ့တယ်။ အဖြစ်မှန် အားလုံးကို သိပြီးနောက် ယွန်း ရူးမတတ် ခံစားခဲ့ရတယ်။ ဖြေရှင်းဖို့ အဖြေမရမချင်း ကိုချမ်းငြိမ်းရဲ့ဖုန်းကိုပဲ ယွန်း အဆက်မပြတ် ဆက်ခဲ့တယ်။ ကိုချမ်းငြိမ်း ဘယ်သွားတယ်၊ ဘယ်လာတယ်ကအစ စစ်မေးခဲ့တယ်။ နေ့တိုင်းပဲ ရန်ဖြစ်ငြင်းခုံတာနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။

တစ်ခါတလေ ကိုချမ်းငြိမ်း ဖုန်းပိတ်ထားတတ်တယ်။ အဲဒီအချိန်မျိုးဆိုရင် ယွန်းက ခင်ပွန်းရဲ့ချစ်သူ တိုက်အောက်မှာ တစ်နေကုန် သွားရပ်စောင့်နေတတ်တယ်။ ဘေးပတ်ဝန်းကျင်က လူတွေရဲ့ သင်္ကာမကင်းတဲ့ မျက်လုံးနဲ့ တိုးခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

တစ်ခါက အဲဒီတိုက်ခန်းအောက်မှာ ကိုချမ်းငြိမ်းရဲ့ ဂရုစိုက်မှုတွေ အပြည့်ရထားတဲ့ ကိုယ်ဝန်သည်မလေးကို ယွန်းတွေ့လိုက်တယ်။ ယွန်းဘာကိုမှ ဂရုမစိုက်ဘဲ သူ့ရှေ့အပြေးသွားပြီး ဆဲပစ်လိုက်တယ်။ အသိဥာဏ်ရှိသူမို့ ယွန်း ကိုယ်ထိလက်ရောက် မပြုခဲ့ဘူး။ သူ့မှာ မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့လေ..

စိတ်လိုက်မာန်ပါ ဆဲဆိုခဲ့တဲ့ ယွန်းအပြုအမှုတွေက ကိုချမ်းငြိမ်းနဲ့ လုံးဝပြတ်ဆဲခဲ့ရတယ်။ ယွန်းရဲ့ မနားမနေ လိုက်စစ်မေးမြန်းမှုတွေကြောင့် ကိုချမ်းငြိမ်း ကုမ္ပဏီကို အပြီးပြောင်းသွားခဲ့တယ်။

၂ဝဝ၂ ခုနှစ် စက်တင်ဘာ နေ့ရက်တစ်ရက်မှာ ယွန်း ကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ ခင်ပွန်းကိုချမ်းငြိမ်းရဲ့ ကုမ္ပဏီထိ လိုက်ပြီးဖြေရှင်းခဲ့တယ်။

“ယွန်း... အခုအချိန်မှာ မင်းမျက်နှာ ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာ မင်းမသိဘူးလား? အစကတော့ မင်းကို ငါ အားနာမိသေးတယ်။ ဒါပေမယ့် အခု မဟုတ်တော့ဘူး။ ဆောရီးပဲ ယွန်း... မင်းနဲ့ငါ ရှေ့ဆက်လို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ တရားရုံမှာပဲ ငါတို့တွေ့ကြစို့.. မင်းကြိုက်သလို အယူခံခွင့်ရှိတယ်”

ကိုချမ်းငြိမ်းရဲ့ အေးစက်စက် စကားတွေက ယွန်းရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို တစ်စစီ ကွဲပျက်သွားစေခဲ့တယ်။ အိမ်ပြန်အရောက်မှာ သမီးငယ်ကို ဖက်ပြီး ယွန်းအားရအောင် ငိုလိုက်မိတယ်။

“မေမေ... ဖေဖေနဲ့မေမေ ရန်ဖြစ်တာကို သမီးအရမ်းကြောက်ခဲ့တယ်။ မေမေငိုမှာကိုလည်း သမီးကြောက်တယ်။ အခုမေမေက အရင်မေမေနဲ့ မတူတော့ဘူး မေမေ”

နားလည်သိတတ်တဲ့ သမီးငယ်ရဲ့ ငိုသံရောနေတဲ့ စကားတွေကို ကြားမှာ ယွန်း လန့်နိုးလာခဲ့တယ်။ ဒီလိုသာ ရှေ့ဆက်နေရင် အထိခိုက်၊ အနာကျင်ဆုံးလူက သမီးငယ်ဖြစ်မယ်ဆိုတာကို သူနားလည်လိုက်တယ်။ မိခင်တစ်ဦးရဲ့ နောက်ဆုံးခွန်အားကို သုံးပြီး ခင်ပွန်းနဲ့ ရန်ဆက်မဖြစ်ဖို့ ကိုယ့်ကိုယ်ကို ယွန်းအမိန့်ပေးလိုက်တယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ရင်ထဲက အနာတွေကို တည်ငြိမ်တဲ့စိတ်နဲ့ ကုစားဖို့ ယွန်း ဆုံးဖြတ်လိုက်တယ်။

(၂)လဆိုတဲ့ အချိန်က မျက်တောင်တစ်ခတ်အတွင်းမှာ ကုန်လွန်သွားခဲ့တယ်။ ကိုချမ်းငြိမ်းက တစ်ခါတလေ အဝတ်အစား လာပြန်ယူတာ၊ ငွေလာပို့တာက လွဲရင် လုံးဝ သူစိမ်းတစ်ယောက်လို့ ဖြစ်သွားခဲ့တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်ထောင်ရေးဟာ လုံးဝ ပျက်ဆီးသွားခဲ့ပြီဆိုတာ ယွန်းသိတယ်။ တရားရုံးက ပေးပို့လာမယ့် ရုံးချိန်းရက်တွေကိုပဲ သူ တည်တည်ငြိမ်ငြိမ်နဲ့ စောင့်မျှော်နေခဲ့တယ်။

ကံကြမ္မာကို သူ့ကို ထပ်တစ်ဖန် လှည့်စားလာလိမ့်မယ်လို့ သူလုံးဝ တွေးထင် မထားခဲ့မိဘူး။ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့မှောက် အလိုလိုနေရင်း ရောက်လာလိမ့်မယ်လို့ သူတစ်ခါမှ တွေးမထားမိဘူး။ အဲဒီမိန်းမက ကလေးအသက်ကို ကယ်ဖို့၊ သူ့အသက်ကို ကယ်ဖို့ တဖွဖွ တောင်းဆိုနေသေးတယ်။

ရင်နာတယ် ! ရင်ထဲ အသဲထဲအထိ တစ်စိမ့်စိမ့် နာကျင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေကို ကုသ၊ မွေးဖွားပေးတတ်တဲ့ ယွန်းရဲ့ ရင်ထဲမှာ နဂိုရှိရင်းစွဲ ကြင်နာမှုတွေနဲ့ ဆရာဝန်ဆိုတဲ့ အသိက ယွန်းရဲ့ နာကျင်နေတဲ့ရင်ကို လှုပ်နိုးခဲ့တယ်။ သူ တွေဝေမနေတော့ဘူး၊ နှေးကွေး မနေတော့ဘူး။ လူနာကို သားအိမ်ပွင့်ဆေး ထိုးပေးဖို့ နပ်စ်ကို ညွှန်ကြားလိုက်တယ်။ ရင်သွေးငယ်ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၁၂ဝ ထိ ကျနေခဲ့တယ်။ ရင်သွေးငယ် နှလုံးခုန်မြန်လာအောင်၊ အမိဝမ်းတွင်းမှာ မသေဆုံးအောင် လူနာကို အောက်ဆီဂျင် သွင်းပြန်တယ်။

(၁ဝ) မိနစ် လွန်မြောက်ခဲ့ပါပြီ။ မိခင်နဲ့ ကလေးရဲ့ အခြေအနေက တဖြေးဖြေး တည်ငြိမ်လာခဲ့တယ်။ လူနာကို ယွန်းစစ်ဆေးကြည့်တော့ ရင်သွေးငယ်ရဲ့ ဦးခေါင်းက သားအိမ်ဝ ရောက်နေပြီ။ ဒါပေမယ့် ပုံမမှန်တဲ့ အနေအထားမို့ လူနာကို အရေးပေါ် မီးဖွားခန်းပို့ပြီး ရင်သွေးကို ပုံမှန်ဖြစ်အောင် ပြောင်းပေးပြန်တယ်။

အရာအားလုံး အဆင်ပြေပြေ ပြုလုပ်နေဆဲမှာ ကိုချမ်းငြိမ်းတစ်ယောက် ဆေးရုံကို ရောက်လာလိမ့်မယ်လို့ ယွန်း လုံးဝ ထင်မထားခဲ့မိဘူး။ ရေးကြီးသုတ်ပျာ ရောက်လာတဲ့ ကိုချမ်းငြိမ်းနဲ့ ယွန်း ခွဲခန်းရှေ့မှာ ဆုံကြတယ်။ မတွေ့ဖြစ်တာ ရက်၊ လကြာခဲ့တဲ့ ကိုချမ်းငြိမ်းက သူစိမ်းတစ်ယောက်လိုပါပဲ။ ဆေးရုံကိုလည်း မိန်းမသားဖွားလို့သာ ရောက်လာခဲ့တယ်။

ကိုချမ်းငြိမ်းရဲ့ နှုတ်ခမ်းလှုပ်သွားတာကို ယွန်းတွေ့လိုက်တယ်။ ဒါပေမယ့် စကားသံ တစ်သံမှ ထွက်မလာခဲ့ဘူး။ ကိုချမ်းငြိမ်းရဲ့ အလေ့အကျင့်၊ အပြုအမှုတွေနဲ့ ရင်းနှီးခဲ့တဲ့ ယွန်း .. အခုအချိန်မှာ ကိုယ့်ခင်ပွန်း ရင်ထဲ ဘယ်လို ခံစားနေရမယ်ဆိုတာကို ယွန်းသိနေခဲ့တယ်။

လူနာကုတင်ဘေးမှာ လူနာကို အားပေးစကားတွေ ပြောနေမိတဲ့ ယွန်း.. ကိုယ့်ဒေါသ၊ ကိုယ့်နာကျည်းချက်တွေကို ဘာပိုးသတ်ဆေးနဲ့များ သတ်လိုက်မိသလဲဆိုတာ သူ့ကိုယ်သူ မသိခဲ့ဘူး။ အခုအချိန်မှာ ကိုချမ်းငြိမ်းက အကူအညီမဲ့တဲ့ ကလေးငယ်တစ်ယောက်လို ယွန်းပြောသမျှ၊ ညွှန်ကြားသမျှကို ခေါင်းညိတ် နားထောင်နေတော့တယ်။

လူနာရဲ့သားအိမ် ၁ဝ စင်တီမီတာ အပွင့်မှာ ကလေးငယ်ကို မွေးဖွားဖို့ စတင်ကြတယ်။ လူနာရဲ့ နာကျင် အော်ညည်းသံက အမြင့်ဆုံးထိ ထိုးတက်သွားတယ်။ လူနာကို ယွန်း နှစ်သိမ့်အားပေးနေမိတယ်။ ဒီအချိန် ယွန်းဆီမှာ ငါ့မိသားစုကို ဖြိုခွဲခဲ့သူ၊ ငါ့အချစ်ရန်သူဆိုတဲ့ နာကျည်းချက်တွေ ရှိမနေတော့ဘူး။ ထိခိုက်နာကျင်နေတဲ့ မိခင်တစ်ဦးရဲ့ ကိုယ်ချင်းစာစိတ်တွေပဲ ရှိနေခဲ့တယ်။

အသက်လုပွဲ (၂)နာရီအကြာမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ကိုချမ်းငြိမ်းလက်ထဲ ယွန်းအပ်လိုက်တယ်။ သားလေးကို ကြည့်လိုက်၊ ယွန်းကို ကြည့်လိုက်နဲ့ ကိုချမ်းငြိမ်းရဲ့ မျက်လုံးမှာ မျက်ရည်တွေ အိုင်ထွန်းနေတယ်။ ယွန်းလည်း နားနေခန်းအရောက် ခုံပေါ်မှာ မှောက်ချပြီး ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။ ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဒီညမှာ ကြုံတွေ့ရတာတွေကို ပေါင်းပြီး ရင်ထဲစိတ်ထဲ ခံစားခဲ့မိသမျှတွေအတွက် ယွန်း အားရပါးရ ငိုလိုက်မိတယ်။

ယွန်းအဖြစ်ကို သိနေကြတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့က ကိုယ်ချင်းစာတဲ့အကြည့်၊ နားလည်တဲ့အကြည့်၊ သနားတဲ့အကြည့်နဲ့ ယွန်းကို ကြည့်နေကြတယ်။ ဘယ်လိုစကားလုံးတွေနဲ့ နှစ်သိမ့် အားပေးရမယ်မှန်း သူတို့ မသိခဲ့ကြဘူး။

အဲဒီအချိန်မှာ တံခါးခေါက်သံနဲ့အတူ ကိုချမ်းငြိမ်း ဝင်လာပါတယ်။ ယွန်းကို တစ်ရူးလှမ်းပေးပြီး အားနာတဲ့ မျက်လုံးနဲ့ ကြည့်နေတယ်။

“လူနာဘေးမှာနေလေ.. ရှင်ဘာလို့ ဒီကို လိုက်လာရတာလဲ”

ယွန်း အေးစက်စက် ပြန်မေးလိုက်မှ တစ်ချိန်လုံး ဆွံအနေတဲ့ ကိုချမ်းငြိမ်းပါးစပ်က “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်း ထွက်ကျလာခဲ့တယ်။ အများသူရဲ့နားမှာ နားဝင်ချိုစေတဲ့ ဒီကျေးဇူးဆိုတဲ့ စကားကို အခုအချိန်မှာ ယွန်းအရမ်း မုန်းမိတယ်။ အခုအချိန်မှာပြောတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းက ကိုချမ်းငြိမ်းနဲ့ယွန်းရဲ့ အိမ်ထောင်ရေးကို အပြီးသတ် သေမိန့်ချလိုက်သလိုပဲ ခါးသက်နေခဲ့တယ်။

ယွန်းစိတ်ကို ယွန်းထိန်းပြီး ကိုချမ်းငြိမ်းကို လေသံအေးအေးနဲ့ ပြန်ပြောလိုက်တယ်။

“လူနာအခြေအနေ ကောင်းပြီး ဆေးရုံဆင်းတာနဲ့ ကျွန်မ ဘာလုပ်သင့်သလဲဆိုတာ ကျွန်မသိပါပြီ။ တရားရုံးမှာပဲ ရှင်စောင့်နေပါတော့”

ယွန်းရဲ့ စကားကြားတော့ ကိုချမ်းငြိမ်း ငြိမ်သက်သွားခဲ့တယ်။ ယွန်းက ဆက်ပြီး....

“အခု ရှင့်ချစ်သူ(တိတ်တိတ်ပုန်း)က နေရာတစ်ခု၊ နာမည်တစ်ခု မလိုပေမယ့် ရှင်နဲ့ရထားတဲ့ ကလေးမှာ နာမည်၊ နေရာတစ်ခု မရှိလို့တော့ မဖြစ်ဘူး။ ကျွန်မလည်း မိခင်တစ်ဦးပါ။ ကလေးတွေမှာ အပြစ်မရှိပါဘူး။ သူတို့က အပြစ်မဲ့တွေပါ။ ဒီလို လွန်ဆွဲနေတဲ့ သုံးပွင့်ဆိုင်ဇာတ်မှာ ကျွန်မနောက်ဆုတ် လိုက်ရင် အကောင်းဆုံးလို့ ကျွန်မ ထင်ပါတယ်”

ယွန်းစကားဆုံးတော့ ကိုချမ်းငြိမ်းက အပြစ်လုပ်ထားတဲ့ ကလေးငယ်တစ်ဦးလို နားနေခန်းကနေ ခေါင်းငုံ့ပြီး ထွက်သွားခဲ့တယ်။ မှန်တစ်ချပ်က ပြန်ဆက်လို့ မရအောင် ကွဲအက်သွားခဲ့ပြီလေ......

၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်

ကိုချမ်းငြိမ်းကို အိမ်လာခဲ့ဖို့ ယွန်းဖိတ်ခေါ်လိုက်တယ်။

“ကလေး လပြည့်တော့မယ်။ ကလေးအတွက် ကျွန်မတို့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်။ ကျွန်မတို့ ကိစ္စလည်း ဒီမှာ အဆုံးသတ်သင့်ပြီလို့ ထင်ပါတယ်”

ဆုံးဖြတ်ချက်နဲ့အတူ နှစ်ဦးသဘောတူ လက်မှတ်ထိုး ကွာရှင်းဖို့ တရားရုံးကို သွားခဲ့ကြတယ်။ ဒါကလည်း နှစ်ဦးနှစ်ဖက် ဆွေမျိုးသားချင်းတွေကို မတုန်လှုပ်စေတဲ့ နည်းတစ်နည်းပါပဲ။

တရားရုံးအသွား လမ်းမှာ ကိုချမ်းငြိမ်း တိတ်ဆိတ်နေခဲ့တယ်။ တရားရုံးရောက်ခါနီး ရုတ်တရက် ယွန်းလက်ကို ကိုချမ်းငြိမ်း လှမ်းဆုတ်ကိုင်လိုက်တယ်။ ပြီးတော့ မျက်ရည်ပေါက် ကြီးငယ်နဲ့ “ ခဏ ယွန်း.. ခဏလေး နေဦး။ မောင်တို့ သေချာဆွေးနွေးရအောင် .. ဒီထက်ကောင်းတဲ့ နည်းကို မောင်တို့ရှာကြရအောင် ယွန်း”

“ဒီထက်ကောင်းတဲ့ နည်း! ရှိပါတယ် ဒီထက်ကောင်းတဲ့နည်းက အချိန်ကို ပြောင်းပြန်လုပ်လိုက်ဖို့ပဲ”

ယွန်း ကွဲအက်အက် ပြန်ပြောလိုက်တယ်။ ကိုချမ်းငြိမ်း တားနေတဲ့ ကြားထဲက ကွာရှင်းစာချုပ်မှာ ယွန်း လက်မှတ်ရေးထိုး ကွာရှင်းခဲ့တယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ကိုချမ်းငြိမ်းက နေအိမ်နဲ့ စုငွေကို ယွန်းအတွက် ခွဲဝေပေးပြီး သမီးငယ်ကို လစဉ်ကြေး ထောက်ပံ့ဖို့ သဘောတူခဲ့တယ်။

တရားရုံးက အထွက်မှာ ယွန်းကို နေအိမ်ထိ လိုက်ပို့ဖို့ ကိုချမ်းငြိမ်း တောင်းဆိုခဲ့တယ်။ ယွန်း ငြင်းပယ်လိုက်ပါတယ်။

“ရှင်အခုပဲ တစ်ခြားလူရဲ့ တရားဝင် ခင်ပွန်းဖြစ်သွားပြီလေ။ ဘဝတွေကို ကောင်းကောင်း တန်ဖိုးထား ချစ်ပါ”

ယွန်းစကားအဆုံးမှာ ငေးမှိန်တဲ့စိတ်နဲ့ ကိုချမ်းငြိမ်းတစ်ယောက် ကားမောင်းပြီး ထွက်သွားခဲ့တယ်။ လမ်းဘေးက နှင်းတောထဲ ယွန်းထိုင်ချလိုက်မိတယ်။ လက်ထဲမှာတော့ ကွာရှင်းစာချုပ်ကို တင်းတင်းလေး ဆုတ်ကိုင်လို့....

တစ်ညနေမှာ ကိုချမ်းငြိမ်းဆီက အရက်မူးသံနဲ့ ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ ကိုချမ်းငြိမ်း ငိုယိုပြီး သမီးငယ်ကို လွမ်းကြောင်း၊ အိမ်ကို လွမ်းကြောင်း ပြောလာတယ်။ ဖုန်းကို ကိုင်ပြီး ယွန်း ငြိမ်သက်စွာ ရပ်နေမိတယ်....

ရက်အနည်းငယ် အကြာမှာ ယွန်းဆီက စာတစ်စောင်ကို ကိုချမ်းငြိမ်း လက်ခံရရှိခဲ့တယ်။

“ကျွန်မနဲ့ သမီးငယ်ရဲ့ နေ့ရက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းခွင့်ပေးပါ။ သားလေးအတွက် ဖခင်တစ်ဦးရဲ့ တာဝန်ကို ရှင်ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ။ ဒါ ရှင်လုပ်ရမယ့် တာဝန်တွေပါ။ နောက်ထပ် တူညီတဲ့ အမှားမျိုးကို ရှင်ကျူးလွန်ဖို့ မသင့်တော့ပါဘူး။ ရှင် ပျော်ရွှင်ပါစေ... ယွန်း”

စာနဲ့အတူ လက်ဆောင်တစ်ခုကိုပါ ယွန်းပါးလိုက်တယ်။ လက်ဆောင်ထုပ်ကို ကိုချမ်းငြိမ်း ဖွင့်ကြည့်လိုက်တယ်။ ဝတ်စုံဖြူ အိန်ဂျယ်ရုပ်နဲ့ အဖြူရောင် ကလေးဝတ် အင်္ကျီတစ်စုံကို တွေ့လိုက်တယ်။ အင်္ကျီကို ဆုတ်ကိုင်ပြီး ကိုချမ်းငြိမ်း ငေးငိုင်သွားခဲ့တယ်။ အဲဒီနောက် သက်ပြင်းရှည်ကြီးတစ်ခုကို လေးလေးသွဲ့သွဲ့ ချလိုက်မိတယ်။

သူ့ဘဝထဲက အချစ်ဆုံး မိန်းကလေးတစ်ယောက်ကို သူလုံးဝ လက်လွတ် ဆုံးရှုံးခဲ့ရပြီဆိုတာကို ကိုချမ်းငြိမ်း သိလိုက်တယ်။ ထာဝရ လက်လွတ် ဆုံးရှုံးခဲ့ရပါပြီ......


ပြီးပါပြီ

အချစ်စစ်... အချစ်စစ်ဆိုတာ ချစ်နိုင်တဲ့အချိန်၊ ချစ်ခွင့်ရတဲ့အချိန်မှာ တန်ဖိုးထား ချစ်နေဖို့နဲ့ လက်လွတ်သင့်တဲ့ အချိန် ကြုံလာရင် လက်လွတ်တတ်ဖို့ပါပဲ။ တစ်ခုကို လက်လွတ်တတ်မှ ကျန်အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရှိမယ်။ လှည့်စားတတ်တဲ့ ကံကြမ္မာစက်ကွင်းထဲကနေ ကျွန်မတို့ လွတ်မြောက်ပါစေ....

ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင် စာရှည်ပေမယ့် ဘာသာပြန်ရကျိုး နပ်ပါတယ်။ ပေးထားတဲ့ ကွန့်မန့်တွေကြောင့် ရေးရတာ လက်ပိုသွက်စေပါတယ်။ ဆက်ရန်.. ဆက်ရန် ဆိုတာ ဘွိုင်းဇ်ပြောသလို ပဲများနေတာတော့ မဟုတ်ပါဘူး။ (အလုပ်များနေတယ်လို့ ပြောရင် ယုံမလား မသိဘူးးD) ..

နောက် “ကိုချမ်းငြိမ်း” နာမည်နဲ့ ပတ်သက်ပြီး သူငယ်ချင်း CNL ကို တောင်းပန်ပါတယ်။ (တမင်လုပ်လိုက်တဲ့ တိုက်ဆိုင်မှု မဟုတ်ပါဘူး.. ဟား..ဟား) ဇာတ်လိုက်နာမည်ရွေးဖို့ရာ အခက်တွေ့နေတုန်း သူငယ်ချင်း “အသစ်ကလေး” ကို လှမ်းမေးတော့ သူက နာမည်နှစ်ခု ပေးပါတယ်။ တစ်ခုက အရမ်းဆန်းနေလို့ ဒီ သူပေးလာတဲ့ နောက်နာမည်တစ်ခု “ချမ်းငြိမ်း” ကို ယူသုံးလိုက်တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ရေးသူနာမည် မပါတဲ့ မူရင်းစာကို ဒီမှာ ဖတ်နိုင်ပါတယ်။

နိုင်းနိုင်းစနေ

49 comments:

ဝါ၀ါခိုင်မင်း said...

အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ခုပါ.
ပညာယူသွားပါတယ် မနိုင်းနိုင်း ရေ.
ဆက်ရေးပါဦးနော်..
ဒီလိုမျိုးလေးတွေက ဖြစ်တတ်တဲ့ အကြောင်းလေးတွေပါ။
ပညာရတာပေါ့နော်.

Anonymous said...

အမမြန်မြန်ဆက်ရေးပါနော်
အရမ်းကောင်းတဲ့ဇာတ်လမ်းလေးနော်

ပုံ said...

မနိုင်းရေ... ဖတ်ကောင်းတုန်းကြီး ဆက်ရန်နဲ့ တွေ့ ရပါရောလား... စောင့်နေမယ်နော်... ဒီကိုမရောက်တာ အတော်ကြာပြီ.. တောင်ကြီးရောက်ရင် လာလည်မှာ.. ဟဲ..ဟဲ..
ကျန်းမာပျော်ရွှင်ပါစေ..

Arrow said...

ဒီ story လေးက ဆွဲဆောင်မှုအရမ်းရှိလွန်းအားကြီးလို့ စောင့်ဖတ်နေတယ် အစ်မရေ။ ဆက်ရန်ကိုရေးပေးပါနော် အစ်မ။

sin dan lar said...

2 ခါ ရှိပြီ။ ဖတ်ရင်းအရှိန်ပျက်သွားတာ...
စောင့်နေပါတယ်....စောင့်နေပါတယ်ကွယ်

Anonymous said...

ma nine nine yay ,
Sat yan so tar naut nae sat mar lar .. d nae sat mar lar ... :) ... Myaw nay ya loz par..

kiki said...

မနိုင်းနိုင်းရေ ၊ ဇာတ်ရှိန်တက်နေတုံးမီးပျက်တာနဲ့ ကြုံရသလို ဆန့် တငင်ငင် အကြာကြီးလုပ်မထားပါနဲ့ နော် ..ending လေးကို သိချင်လှပြီ ။

Anonymous said...

ယောက်ျားတွေဟာ အတ္တကြီးတယ်... သူတို့ကိုယ်သူတို့ အရေးပါ အရာရောက်တဲ့သူလို့ တော်တော်အထင်ခံချင်ကြတယ်.. ကိုယ့်မိန်းမ မအားတာကို အကြောင်းပြုပြီး အိမ်ထောင်ရေး ဖောက်ပြန်ဖို့ ၀န်မလေးကြဘူး... တကယ်တော့ လူတွင်ပါလို့ နွားကိုကျားကိုက်တာပါ... သူတို့ကိုယ်ထဲမှာ သစ္စာမဲ့တတ်တဲ့သွေးက စီးဆင်းနေပြီးသား... ဒီလိုဖြစ်လာရင် မိန်းမကိုပဲ အပြစ်ပုံချတတ်တဲ့ ဥာည်ဆိုးကလဲ ရှိပြီးသား...

ZawPhyoWai said...

အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါ.
မနိုင်းနိုင်းရေ.ဒီလိုမျိုးတွေက
ဖြစ်တတ်ပါတယ်...ဒီခတ်ကြီးရဲ့
ခတ်ရေစီးကြောင်းကိုက ကျွန်တော်တို့ကို
ဒီလိုမျိုးဖြစ်အောင် ဖန်ဖန်လာလေ့ရှိပါတယ်.
Ex-Girlfriend တို့ Ex-Wife တို့
Living together တွေကရှိရှိလာကြတော့
ဒါမျိုးတွေကဖြစ်ကိုဖြစ်လာကြမှာပါ...
ိုဖြစ်လဲဖြစ်နေကြပါတယ်...
ဥပမာ..အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက်
အကြောင်းအမျိုးကြောင့်ကွဲသွားကြတယ်ဆိုကြပါဆို့..
တယောက်ယောက်က အိမ်ထောင်ကျသွားပြီး
တချိန်ချိန်မှာ..သူတို့နှစ်ယောက်ပြန်ဆုံကြမယ်
ဆိုရင်.......??????????????

ကျွန်တော်ဆက်မတွေးနှိုင်တော့ပါ.......

Anonymous said...

Ma 99 yay, Reading this post make me a little bit strange. :D But I will loyal to someone I love so much. :D Anyway, it is alright that you can give any name for your stories.CNL! p.s I also know the girl call Yuan in Burma and she is younger than me.hehe!

Simplest Sincerity said...

ယောက်ျားတွေဟာ သူတို့ကိုယ်သူတို့ အရေးပါ အရာရောက်တဲ့သူလို့ တော်တော်အထင်ခံချင်ကြတာကို သိရက်နဲ့ ဘာဖြစ်လို့ စိတ်ချမ်းသာအောင် မထားနိုင်ကြတာတုန်း ???

:P

Ko Boyz said...

နိုင်းနိုင်းရယ်... ဇတ်ရှိန်ကောင်းပြီဆို တိကနဲ ဖြတ်ဖြတ်တတ်တယ်...။
အန်တီကို လူတွေ ချစ်တာ သိပါတယ်...။
ပဲမများနဲ့တော့...။
စာရှည်လို့ မဖတ်ဘူး ဆိုတာ မရှိဘူး...။
ကောင်းရင် ကောင်းသလိုကို ဖတ်နေတာ...။
နက်ဖြန်မြန်မြန် ပြန်တင်ပါ အန်တီရယ်...။
ဒီမှာ ဖတ်နေတဲ့သူက ဆန့်တငံ့ငံ့နဲ့...။
ဟွန့်...။

yin lay said...

အင်း... မမျှော်လင့်တာတွေဟာ ဖြစ်လာတတ်ပါတယ်... ခံစားချက်ဆိုတဲ့အရာဟာ အကဲမရနိုင်ပါဘူး.. ကိုယ့်မှာတောင် ကြုံတွေ့လာနိုင်ပါတယ်...

flowerworld said...

မနိုင်းကလဲ ဖတ်လို့ကောင်းတုန်းရှိသေးတယ် ဆက်ရန်ကိုမျှော်နေမယ်ချင့်

susu said...

I really love ur blog and u r my ideal blogger .. I always read ur blog but this is the first time to write a comment .. I want to read this story till the end .. so excited .. i want to know what Yon will do... By the way, i 've made a small blog ..too small n incomplete blog ..I also don't know how to make c-box and many other things in blog ..I just want to make a blog which contains my emotions n my favourate things..I really envy ur talents and writing skill..I'm always ur fan,sister.

loyallove said...

ဖတ်ကောင်းတုန်းရှိသေးတယ် အရှိန်ပြတ်သွားတယ် အမြန်တင်ပေးဖို့ တောင်းဆိုပါတယ်...စောင့်မျှော်နေလျက်ပါ

Anonymous said...

Simplest Sincerity,

အလိုတော်.......

Anonymous said...

plz continue it till the end. i m so keen to read it. thank u.

angel said...

Very good story.
Thank you, 99. :)

Orange Chit Thu said...

Ma Ma 99 yay,
There is no words in my mouth after reading this, nearly cry.
“ယောက်ျားတွေက ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေး”Thats right!
Sometimes, they just do as they like only, even if they want care.Sometimes they are good, it depends on their mood. Huu....
This is really nice post!

မောင် said...

အ၇မ်းကောင်းတယ်...မမ
မမေ၇းလိုက်၇င် ၇င်ထဲအထိေ၇ာက်တယ်...
၇င်ထဲမှာ တစ်ခုခုတော့ ကျန်ခဲ့တယ်...
ကောင်းလေးတွေ ဆင်ခြင်နိုင်ဖို့  ကောင်းပါတယ်... ကောင်းမလေးတွေ လည်း သင်ခန်းစာ ၇သွားတယ်...
ကျေးဇူး မမနိုင်းနိုင်းစနေ

မိုးခါး said...

အစ်မရေ .. အရမ်းကောင်းတာပဲ .. မျောသွားတယ် .. အားပေးနေပါတယ်နော် အမး)

Chan chan said...

sar ko d nae p aung yay pay tae` a twat THAnks a lot par ...
Computer phwint tine D post tin p p lar ? tin p p lar ? nae Myaw myaw nay ya loz par..
:P :P :P
A ma pyaw tae` a tine Yin htae mar 1 ku ku tot kyan par tal...
dar pay mae` ma pyaw pya tat buu ..
Ko ko tine lae ma thi bu..
1 ku ku mhan tot thi par tal...
?? ?? 1 ku ku tot 1 ku ku pal ... :) :)

Anonymous said...

better let girlfriend die because she broke the happiness of others and let the couple to be together again wiht happy ending life

လော်ရာ said...

မစနေ ဒီဇာတ်လမ်းမျိုးအပြင်မှာ ဖြစ်လေ့ရှိတာကို သိတာကြာခဲ့ပါပြီ။ အိမ်ထောင်ရေးမှာ နှစ်ဦးနှစ်ဘက် လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း နဲ့ ရင်ဆိုင်ဖြေရှင်း သင့်တယ်ထင်ပါတယ်။ တစ်ယောက်အားနည်းချက်ကို တစ်ယောက်က အပြစ်ပြောပြီး အကြောင်းရှာ အသစ်ကို အာရုံပြောင်းတာ ယောကျာ်တွေမှ မဟုတ်ဖူး မိန်းမတွေလည်းရှိနေပါတယ်။ သူများအိမ်ထောင်ရေး ပျက်စီးအောင်လုပ်တာတော့ မကောင်းပါဘူးနော်။ ဖောက်ပြန်တဲ့လူတွေရဲ့ ဆင်ခြေတွေကတော့ အချစ်သစ်တို့ ၊ ဂရုစိုက်မခဲံရတာတို့ ၊ ကံကြမ္မာတို့ အစုံပါပဲ။ ကျွန်မကတော့ အခုထိကံကောင်းနေသေးတယ်ပြောရမယ် ဟဲဟဲ။ အဲလိုမရှုနိုင် မကယ်နိုင်ဖြစ်ခဲ့ရင် အမလေး ဆက်မတွေးရဲဘူး ဟူးဟူး

LAO said...

This post is one of my fave!

KEEP UP THE GOOD WORK ! MA MEE MEE ! :)

LAO

sin dan lar said...

ဖတ်ပြီးသွားပြီ.....ခုလိုဆိုတော့လည်း ပထမသမီးလေးက သနားစရာ..... ကိုချမ်းငြိမ်းကိုပဲ အပြစ်တင်ချင်တော့တယ်...

Ko Boyz said...

ပထမ ခင်ပွန်းအပေါ် အချိန်မပေးနိုင်ခဲ့တဲ့ ယွန်းကို အပြစ်တင်ချင်တယ်။
ဒုတိယ ယောက်ျားဖြစ်ပြီး စိတ်မခိုင်တဲ့ ကိုချမ်းငြိမ်းကို အပြစ်တင်ချင်တယ်။
တတိယ ကောင်မလေးကို အပြစ်တင်ချင်တယ်။ မယားငုတ်တုတ် ရှိနေတာကို သိရဲ့သားနဲ့ ဇွတ်တိုးချင်တာ...။

ကြားထဲက ကလေးတွေက မြေဇာပင် အဖြစ်ခံရတယ်။

အန်တီနိုင်းနိုင်းက ဘာတွေ အလုပ်ရှုပ်နေတာတုန်း...။

မုန်းစရာ said...

သိပ်ကောင်းတာပဲ.... ဒါပေမဲ့ ဇာတ်ကောင်က တိုက်တိုက်ဆိုင်ဆိုင် အပြင်မှာ တကယ်ဖြစ်နေတယ်.... နံမည်တူ အဖြစ်အပျက်တူလေ... ဒါပေမဲ့ သူက နှစ်ယောက်လုံးကို မစွန့်လွှတ်ဘူး....

Khin Padauk Win said...
This post has been removed by the author.
Khin Padauk Win said...

The man isn't a faithful husband and let him get what he deserves. Keep writing !

Anonymous said...

Ma 99,
This is the first time I leave my comment. I'm one of your fans & always read your posts. Thanks so much for this post. It's so nice. This post not only leaves something in my heart, but also makes me cry. :P
Haymann

Anonymous said...

ယွန်းဆုံးဖြတ်ချက်ကို ကြိုက်တယ်
ယွန်းရဲ.စိတ်ထားမျိုးကို ထားနိုင်ဖို.ဆိုတာ မိန်းမ တစ်ယောက်အတွက် ဘယ်လောက်ခက်ခဲတဲ. ဆုံးဖြတ်ချက် ရွေးချယ်မှု ဆိုတာ
အိမ်ထောင်ရေး မှာ ကိုယ်ထက်ပို ချစ်သွားတဲ. သူရှိနေမှတော. သူရင်ထဲမှာ ကိုယ်အမြဲမရှိနိုင်မှန်းသိရဲ.နဲ. သူကို ချုပ်နှောင်မထားစေချင်တော.ဘူးလေ သူက ကိုယ်ရဲ.အနားမှာသာ လူခန္ခာကြီးက ရှိနေပေမဲ. သူစိတ်တွေကို ကိုယ်က ဘယ်ရောက်နေလဲဆိုတာသိနိုင်တာမှ မဟုတ်တာ
သူ စိတ်ကိုမှ ကိုယ်မချုပ်နှောင်ထား နိုင်တော.မှ သူကို ပိုင်ဆိုင်ဖို.ထက် လွတ်လပ်ခွင်.ပေးခြင်းက ၂ ဦးစလုံးအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ

ကိုဖြိုး said...

ယောက်ျားတစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုငြိမ်းချမ်းကို ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့် သူ့လိုတော့ ဖြစ်ဖို့ မရှိပါဘူး။ ယောက်ျားတွေဟာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေးဆိုတာကတော့ သိပ်ကို မှန်နေသလားပဲ။ အင်း ကိုယ့်ကိုယ်ကို ကြီးပြင်းလာအောင် ဘယ်လိုလုပ်ရပါ့မလဲ။ အချိန်တန်လို့ အသက်တွေသာကြီးလာတယ်။ ကလေးစိတ်ကြီးနဲ့ဆိုရင်လည်း မဟုတ်သေးပါဘူးနော်။ :P
ကိုဖြိုး

Anonymous said...

The most mature man who working at management position in his work is the one who can most pretend like he has full confident (But you know? Nobody has full confident, all were just pretending).
That man may want to release his stress and pressure caused of pretending at works by showing his actual mind on his beloved one. That is why he seen like a child upon his beloved wife.
Anyway and anyhow, the one who should we seriously complaint is
(1) The husband in the story, who has already built a family should loyal and well manage for the comfort lifestyle. If he wants fully care from his wife, should ask her to resign job. Then she can give more time for him and child. If wife says she is working for money then you can ask her back that “Family and money which is most important”. As he is working at a management position, at least he should have an ability to manage time and finance for the family.
(I don’t want to say the false of husband if he get marriage with a nervous wife =.= . I also don’t want to complaint the guys who still not yet marry, coz you all still got chance to flirt with gals ^.^ )

Rock St@r

Ko Yoke Soe said...

“ယောက်ျားတွေက ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးတဲ့”လား။ ကိုယ့်အပေါ်မှာ ယုယမှု၊ ဂရုစိုက်ခံမှု၊ ကြင်နာမှု တွေကို လူတိုင်းလိုချင်တတ်ကြတာ ဓမ္မတာပါ။ သူ့ဆီကမရတာနဲ့ ပေးနိုင်တဲ့ နောက်တစ်ယောက်စီက သွားယူတာကတော့ :(
အရေးအသားလေးတွေကို ကြိုက်တယ် မနိုင်းနိုင်းရေ ...။

သန့် said...

မ 99 ရေ.. အမရဲ့ Blog ကိုအမြဲအားပေးနေတာပါ။ ခုမှ comment ရေးဖူးတာပါ။ ကိုယ့်အဖြစ်နဲ့ လုံးဝကိုတိုက်ဆိုင်နေလို့ပါ။ ဒါပေမယ့် ကိုချမ်းငြိမ်းလိုတော့ အိမ်နဲ့စုငွေတောင် မရှိပါဘူး။ သူဒီလိုနေနိုင်၊ သုံးနိုင်၊ဖြုံးနိုင်၊ ဟိုကောင်မလေး အထင်ကြီးသွားအောင် ၀တ်တာ၊ စားတာ၊ သုံးဖြုံးတာတွေက အားလုံး ညီမရှာထားတဲ့ပိုက်ဆံတွေကြီးပါပဲ။ ဒီပို့စ်ကိုဖတ်ပြီး မေ့ထားတဲ့ အတိတ်ကိုပြန်သတိရပါတယ်။ ခုတော့ သူတို့ ၂ယောက်လဲ အဆင်မပြေကြပါဘူး။ ကောင်မလေးက မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားတယ်လေ။ ခုဆိုသူတို့ ၂ယောက် ၁ လနဲ့ ၁ လ အကြွေးတွေချာလည်လိုက်တဲ့ သတင်းတွေမိတ်ဆွေတွေဆီက ပြန်ကြားနေရတယ်။ ကိုယ်နဲ့သာဆိုရင် သူဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီးတွေးတွေးပြီး မျက်ရည်ကျနေတုန်းပဲ။ ညီမတို့ ၂ ယောက်က ၈နှစ်ကျော်ပေါင်းခဲ့ကြတာလေ။ ညီမအလုပ်ကိုပဲ အာရုံစိုက်ခဲ့တဲ့ အချိန်တိုလေးအတွင်းမှာ ဖြစ်ခဲ့ကြတာပါ။ အရမ်းကောင်းပြီး အရမ်းတိုက်ဆိုင်လို့ ဒီနေ့ပဲဖတ်ပြီးငိုတာ ၂ ခါရှိပြီ။

tg.nwai said...

99 ရေ..
ဟင်းးးးးးးးး သက်ပြင်းသာ ချဖြစ်လိုက်တော့တယ်။ ဘယ်သူ.အပြစ်ပြောရမှန်းတောင် မသိတော့ပါဘူး။ အတ္တရယ်. မာနရယ်..မပွင့်လင်းတာရယ်..ယုံကြည်မိတာရယ်..တွေဝေတာရယ်..နောက်ဆုံးတော့ ဘယ်သူတွေ စိတ်ချမ်းသာကြမှာတဲ့လဲ..

Anonymous said...

when I read this post, some tears role out. Really nice story. I really afraid to face like this story. If I were youne, I can't feel and I can't stand this situation. [taw pi a pyo gyi pal lote tot mal ]:P

Anonymous said...

a pyo gyi tot ma lote par nae' jar .. nha myaw sayar gyi .. hee
I tote lo yout kyar kg tway lal shi par tay tal .. ma yone ma shi nae' naw O.O

Rk.St@r

choco thazin said...

ဖတ်နေရင်းနဲ့ ခံစားရတယ်
ရင်ထဲမှာ ဟာသွားတယ်...
အရေးအသား အရမ်းကောင်းပါတယ် မနိုင်းနိုင်း
အားပေးလျက်....

mei said...

ဒီလို ပြိုင်လာပြီဆိုရင်တော့
တစ်ယောက်ယောက်ကအလျှော့ပေးရမှာပေါ့
အလျှော့ပေးတဲ့လူကိုဘယ်လိုသတ်မှတ်မလဲ

မနိုင်လို့ ကြောက်ပြီး အလျှော့ပေးတာလား
သဘောထားကြီးပြတာလား

သဘောထားကြီးလိုက်တာလို့ အပြောခံရတာဘို့ အတွက်
စွန့် လွတ်လိုက်ရတဲ့အရာတွေ
ပေးစပ်လိုက်ရတဲ့အရာတွေကအများကြီးပါ

မပြတ်သားတဲ့ယောကျာင်္းတွေကိုမုန်းတယ်
ကိုချမ်းငြိမ်းကဘာပြောစရာရှိနေလို့ 
မောင်တို့ စကားပြောရအောင်လို့ နောက်ဆုံးမှာပြောရတာလဲ

malay said...

99 yay...
ama le` comment win pay twer per tel...
from today, i will take care and love well my beloved husband. ha ha:)

U r more and more cute writer.

love
ML

malay said...

99 yayy...

Post ka le` Kaung.....Comment twe ka le` Kaung....Ama top Pyinnyar twe a myarr kyi ya twer pe....
thanks a lot per sis yay...

ဝါ၀ါခိုင်မင်း said...

ဇာတ်သိမ်းလေးလာဖတ်သွားပါတယ် မနိုင်းနိုင်းရေ..
အလွန်ကောင်းတဲ့ အိမ်ထောင်ရေး ပညာပေးဇာတ်လမ်းလေးတစ်ခုပါနော်.
သုံးဦးစလုံးမှာ အပြစ်တစ်ခုစီရှိနေတယ် လို့ ထင်မိပါတယ်.

ကျေးဇူးတင်ပါတယ် ညီမရေ.
မောင်အညတြရဲ့သူငယ်ချင်းဆိုလို့ ကျမထက်ငယ်မယ်
ထင်ပြီး ညီမ လို့ခေါ်သွားတာပါနော်. မှားရင်လဲပြောပါဦး.

လေးစားလျှက်
မ၀ါ

Anonymous said...

ယောက်ျားတွေဟာ သူတို့ကိုယ်သူတို့ အရေးပါ အရာရောက်တဲ့သူလို့ တော်တော်အထင်ခံချင်ကြတာကို သိရက်နဲ့ ဘာဖြစ်လို့ စိတ်ချမ်းသာအောင် မထားနိုင်ကြတာတုန်း ???
-------------
Huumm. You guys think that we(ladies) have only this job? In 20years ago, may be. Now both guys & ladies need to earn money. What for we only have to care guys' feeling? How unfair?

khayayphyu

nwenwe said...

ွှအင်း---
အပြစ်မရှိတဲ့ယွန်းနဲ့ လွဲမှားတဲ့သာယာမှုကိုရှာတဲ့ကိုချမ်းငြိမ်းနဲ့ အမှားအမှန်မခွဲခြားနိုင်တဲ့ မိန်းကလေး ဒီ (၃)ယောက်မှာ ဘယ်သူအပြစ်အကြီးဆုံးလဲဆိုတာသိချင်လိုက်တာ။ကျမအထင် တတိယောက်မြောက်လူဖြစ်မယ်ထင်တယ်နော် ။ ဒီပို့စ်လေးကို ဖတ်ပြီး ဆုတောင်းမိတယ် လူတိုင်း ဒီလိုအဖြစ်မျိုးမှ ကင်းဝေးကြပါစေလို့

A Thit Ka Lay said...

ဒုတိယဖြစ်လာတာ ပထမတွေက ချို့ယွင်းလို့တဲ့ပြောကြတယ်..
ဒုတိယတွေကိုကျတော့ မလွတ်လပ်မှန်းသိရက်ရဲ့ မျက်နှာပြောင်တိုက်ပြီး
ဝင်တိုးတယ်လို့ပြောကြပြန်တယ်..
ဒါဆို အလယ်က ယောကျားတွေကို ဘယ်လိုမှတ်ချက်ချကြမှာပါလိမ့်..
လောကကြီးမှာ စုဖုရားလတ်လိုစိတ်ဓါတ်နဲ့မိန်းမတွေချည်းရှိသင့်တာ...
ဒါဆို ဒုတိယဆိုတာရှိချင်မှတောင်ရှိလာနိုင်မှာ..
ကျမကတော့ အတ္တကြီးတယ်ပဲပြောပြော..
ဒိုင်းခင်ခင်ကို ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့တဲ့ စုဖုရားလတ်ကိုတောင် အပြစ်တင်နေတတ်တဲ့ မိန်းမ တယောက်ပါ..
ဘာပဲပြောပြော..ကိုယ်ချစ်တဲ့သူကို ..ကိုယ်တယောက်တည်းပိုင်ချင်တာ ချစ်တတ်တဲ့မိန်းမတိုင်းပဲ မဟုတ်လား..

ZinMarPhyo said...

မနိုင်းနိုင်းရေ...

ဒီ ခင်ပွန်းရဲ့ချစ်သူ ၀တ္တုလေးကို အရမ်းသဘောကျတယ်။ ပညာယူစရာလည်းကောင်းတယ်။ ကျမ ဒီဆေင်းပါးလေးကို ကျမတို့ထုတ်တဲ့ အမျိုးသမီးစာစောင်မှာ အသုံးပြုချင်ပါတယ်။ မနိုင်းနိုင်းရဲ့ အီးမေးလိပ်စာကို မတွေ့ လို့ ဒီမှာ စာရေးလိုက်ပါတယ်။ ကျေးဇူးပြုပြီး boatboat86@yahoo.com ကို ဆက်သွယ်လာပေးပါနော်အစ်မ။