Thursday, January 08, 2009

နီးကပ်လေ မှုန်ဝါးလေ


ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။ ကြာတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတယ်။ လျှစ်လျှူရှူမှုတွေ များလာခဲ့တယ်။

ကြာတော့ ဒါတွေက ကျွန်မတို့ရဲ့ အားနည်းချက်၊ ကျွန်မတို့ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာခဲ့တယ်။
ကျွန်မတို့ရဲ့ လျှစ်လျှူရှူမှုက ရင်းနှီးသူတွေကို ထိခိုက်နာကျင်စေခဲ့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို နာကျင်စေခဲ့ပြန်တယ်။

"မိဘတွေကို မကြည့်ဘဲ၊ မိဘတွေရဲ့ ဓာတ်ပုံကိုလည်း မကြည့်ဘဲ သူတို့ရဲ့ရုပ်ပုံကို ဆွဲခိုင်းကြည့်မယ်ဆိုရင် သင်ဆွဲနိုင်ပါသလား?"

သေသေချာချာ စဉ်းစားကြည့်ပါး
အမေရဲ့မျက်ခွံက အရစ်ပါလား? မပါဘူးလား?
အဖေရဲ့နားခင်က ထူသလား? ပါးသလား?
အမေမျက်နှာပေါ်က အရစ်ကြောင်းတွေ နည်းသလား? များသလား?
အဖေနဖူးပေါ်က အရစ်ကြောင်း ဘယ်နှကြောင်းရှိသလဲ?
အမေရဲ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နှလုံးရှိသလဲ?
အဖေရဲ့ မျက်ခုံးမွေးက ထူသလား? ပါးသလား?

မျက်စိမှိတ်ပြီး သေချာထပ်ပြန် စဉ်းစားကြည့်ပါး


ကျွန်မတို့ဆီ လှမ်းလာတဲ့ အဖေ၊ အမေတို့ရဲ့ ပုံစံအမှုအရာက ဘယ်လိုလဲ?
နောက်ပြန်လှည့်သွားတဲ့ အဖေ၊ အမေတို့ရဲ့ နောက်ကျောပုံစံက ဘယ်လိုပုံစံမျိုးလဲ?
ကျွန်မတို့ ငယ်ငယ်ကနေ အခုကြီးလာတဲ့အထိ အဖေ၊ အမေတို့ရဲ့ အမှုအရာနဲ့ ပုံရိပ်တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ?
အိမ်အလုပ် ပင်ပင်ပန်းပန်း လုပ်နေတဲ့ အမေ့ပုံရိပ်ကို ကျွန်မတို့ ကြည့်နိုင်စွမ်းရှိခဲ့လား?
အပြင်ထွက် အလုပ်လုပ်မယ့် အဖေရဲ့ပုံစံကို ကျွန်မတို့ သတိထား ကြည့်ခဲ့မိလား?

ဒီအရာတွေကို အခုမှ စဉ်းစားမိကြတယ် မဟုတ်လား?
ပိုရင်းနှီးလေ၊ ပိုနီးကပ်လေ အမြင်တွေက ဝေဝါးလေပါပဲ!
ရင်းနှီးလွန်းတယ် ထင်ခဲ့ပေမယ့် ဂရုစိုက်မှုက သူစိမ်းဆန်ခဲ့ရတယ်။

"မိဘတွေက ကျွန်မတို့ ကြီးပြင်းခဲ့တာကို မှတ်ထားတယ်။ ကျွန်မတို့က မိဘတွေ အိုမင်းသွားတာကို မှတ်ဖို့ မေ့နေခဲ့တယ်"

လူကြီးတစ်ဦးက ပြောခဲ့ပါတယ်။ (၄၁)နှစ် သူအိမ်ထောင်ကျစဉ်က အဝေးမှာနေတဲ့ မိဘတွေကို မဖိတ်ခေါ်နိုင်ခဲ့လို့ မိဘပုံတွေကို ဆွဲပြီး သတိတရနဲ့ နံရံမှာ ချိတ်ဆွဲဖို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် လကြာတဲ့အထိ ပုံဆွဲခဲတံကိုပဲ ကိုင်ပြီး ဘာပုံမှ ဆွဲမထွက်ခဲ့ဘူး။ သူ့ရဲ့အတွေးထဲမှာ မိဘတို့ရဲ့ပုံရိပ်က ကြည်လင်နေတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံး၊ မျက်နှာအနေအထား၊ အကြည့်တွေကို သေသေချာချာ မြင်ယောင်ကြည့်တော့ အမြင်မှာ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဒါကြောင့် သူပုံမဆွဲနိုင်တာဖြစ်တယ်။

အသက် (၂ဝ) မတိုင်ခင်က မိဘတွေနဲ့ပဲ သူနေခဲ့တယ်။ အနှစ် (၂ဝ)လုံးလုံး ဒီလောက်ပူးပူးကပ်ကပ်၊ ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပေမယ့် စိမ်းနေခဲ့တယ်၊ မှုန်ဝါးနေခဲ့ရတယ်။

မိဘတွေရဲ့ မျက်နှာကိုတောင် ပုံစံမဖော်နိုင်လောက်အောင် စိမ်းခဲ့တယ်။
မိဘတွေရဲ့ ရုပ်ပုံကိုတောင် ဆက်စပ်ပုံဖော်လို့ မရနိုင်အောင် မှုန်ဝါးခဲ့တယ်။

ဒီ့အတွက် သူနှစ်တော်တော်ကြာ ခံစားခဲ့ရတယ်။ သားသမီး သုံးယောက်ရမှ ကလေးတွေရဲ့ ကြီးပြင်းရာတစ်လျှောက်မှာ အဖော်လုပ်ရင်း ခံစားမှုတွေကို လျှော့ခဲ့ရတယ်။

ဒီနှစ်အတောအတွင်းမှာမှ အဲဒီလူကြီးရဲ့ ခံစားချက်ကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ ဒါကြောင့် အချိန်တစ်ချို့ခွဲပြီး အမေ့အိမ်ကို ကျွန်မပြန်ခဲ့တယ်။ အမေဆံပင်ကို ဆေးဆိုးပေးတယ်။ အမေ ငိုက်နေတဲ့အချိန် အမေ့ရဲ့မျက်နှာကို သေသေချာချာ ကြည့်ခဲ့မိတယ်။ အမေ့ရဲ့ပုံရိပ်ကို ကျွန်မရဲ့ မျက်စိထဲ၊ ဦးနှောက်ထဲ၊ နှလုံးသားထဲ၊ ကျွန်မရဲ့ အသိထဲ စွဲစွဲမြဲမြဲ မှတ်ထားခဲ့တယ်။

နုပျိုစဉ်က အမေရဲ့ပုံရိပ်နဲ့ အခုလက်ရှိ ပုံရိပ်ကို နှိုင်းယှဉ်ကြည့်ပြီး ကျွန်မမျက်ရည် စို့မိတယ်။ လူတိုင်း၊ သားသမီးတိုင်းကို အမေက သူ့ရဲ့နုပျိုတဲ့အရွယ်နဲ့ စတေးခံပြီး ကြီးပြင်းလာတဲ့အထိ နှစ်ချီကြာအောင် ပြုစုကျွေးမွေးခဲ့ပါတယ်။

မိဘတွေနဲ့ ဝေးကွာတဲ့အချိန် ပူပန်စိတ်၊ လွမ်းဆွတ်စိတ်တွေ ရှိကြတယ်။ ဒါပေမယ့် မိဘတွေက ကျွန်မတို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ ကျွန်မတို့က မိဘတွေ အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြတယ်။

"နောင်တနဲ့ နာကျင်မှုတွေ ဘဝတစ်လျှောက်လုံး ကပ်မလိုက်စေနဲ့"

မိဘတွေသာမက ညီအစ်ကို မောင်နှမကြားမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အိမ်မှာ အတူနေတုန်းကတော့ တစ်ကျက်ကျက်၊ အလုပ်တွေရ၊ အိမ်ထောင်တွေကျပြီး တစ်ယောက်တစ်နေရာ ခွဲခွါခဲ့ကြတော့ တွေ့ဆုံဖို့က နည်းသွားခဲ့တယ်။ အိုမင်းသွားချိန်အထိ အဆက်အသွယ်တွေ နည်းခဲ့ကြတယ်။ သတိထားမိချိန်၊ သတိပြုမိချိန်ရောက်တော့ အချိန်တွေက လွန်သွားခဲ့ပါပြီ၊ နှောင်းသွားခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ်အနည်းက သင်တန်းတစ်ခုကြောင့် မိတ်ဆွေတစ်ဦးနဲ့ ရင်းနှီးခဲ့ရတယ်။ မိတ်ဆွေက တစ်နယ်တစ်ကျေးမှာ လာရောက်အလုပ်လုပ်သူဖြစ်ပြီး အပေါင်းအသင်း ခုံမင်တယ်။ မိတ်ဆွေသူငယ်ချင်းအပေါ် သူအရမ်းကောင်းပေမယ့် မောင်နှမတွေပေါ်မှာတော့ မကောင်းခဲ့ဘူး။

တစ်ခါတုန်းက အဝေးရောက်နေတဲ့ အစ်မတစ်ယောက် သူ့ဆီဖုန်းဆက်တော့ ကျွန်မလည်း သူ့အနားမှာ ရှိနေခဲ့တယ်။ အစ်မစကားကို သူလိုက်လျှောပြောနေပေမယ့် စိတ်ပါပုံ မရဘူး။ စိတ်မရှည်တဲ့ လေသံနဲ့ ဖုန်းချပြီးနောက် စိတ်ရှုပ်မုန်းတီးတဲ့ပုံပါ ပြခဲ့တယ်။

"အစ်မရှာတာ ကိစ္စရှိလို့လား " ကျွန်မက မေးတော့

"ဘယ်ကလာ ကိစ္စရှိရမှာလဲ! သူ့လို နေ့တိုင်း အိမ်ထဲအိမ်ပြင် မထွက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်မှာ ဘာကိစ္စရှိနိုင်မလဲ! ကျွန်မ သူ့ထက်သာမသာ၊ ကျွန်မ ဘယ်လိုနေနေတယ်ဆိုတာကို သိချင်လို့ တမင်ဖုန်းဆက်လိုက်တာပဲ။ သူက အဲဒီလိုပဲ.. ငယ်ငယ်ကတည်းက အမြဲတမ်းကျွန်မနဲ့ ပြိုင်ချင်နေတယ်။ စာတော်တာကို ပြိုင်မယ်၊ ဆုရတာကို ပြိုင်မယ်၊ ကျောင်းပြိုင်မယ်၊ လူချင်းလူခင် ပေါတာကိုပြိုင်မယ်။ ကျောင်းလည်းပြီးရော အလုပ်ပြိုင်မယ်၊ ရီးစားပြိုင်မယ် အရမ်း မုန်းဖို့ကောင်းတာ"

"အခုသူ အိမ်ထောင်ကျပြီလေ။ သူနဲ့ အနီးဆုံးဆိုလို့ ရှင်ပဲရှိတာ။ ရှင်တို့ အချင်းချင်း ပိုချစ်ခင်ရင်းနှီးသင့်တာပေါ့ မဟုတ်ဘူးလား! " သူ့ကို ကျွန်မ သတိပေးတော့...

"မဖြစ်နိုင်တာ! သူ့လိုစရိုက်နဲ့ သူနဲ့ ကျွန်မချစ်ခင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်မတို့က မွေးကတည်း မတည့်ကြတာ။ ငယ်ငယ်တုန်းက အမြဲရန်ဖြစ်တယ်။ ရန်ဖြစ်တိုင်း ကျွန်မပဲ အဆူခံရတယ်။ သူက လည်လွန်းတယ်။ လူကြီးတွေ လာပြီဆိုရင် မျက်ရည်မထွက် ထွက်အောင် အော်ငိုတယ်။ အခုတော့ သူ့ဝဋ်က ကျွန်မကျွတ်သွားပြီလို့ ပြောရမယ်။ သူ့ဝဋ်ကို သူ့ယောက်ကျာ်းခံပါစေလေ.. ဘာဖြစ်လို့ ကျွန်မက သူနဲ့ တရင်းတနှီးနေရဦးမလဲ! ကျွန်မ ဦးနှောက်ကောင်းပါသေးတယ်.. !"

ကျွန်မရဲ့ သတိပေးစကားက သူ့ရဲ့ မကျေမနပ်မှုအတွက် ထွက်ပေါက်ဖြစ်ခဲ့တယ်။ လအတန်ကြာပြီးနောက် မနက်ခင်းတစ်ခုမှာ သူ့ဖုန်းကို ကျွန်မ လက်ခံရရှိခဲ့တယ်။ ဖုန်းတစ်ဖက်မှာ စို့နင့်နင့်လေသံနဲ့ သူပြောလာပါတယ်။

"ကျွန်မ အစ်မဆုံးသွားပြီ။ မနေ့ညကပဲ ကလေးမွေးရင်း သွေးလွန်ပြီး သေသွားပြီ။ အစကတည်းက သူ့ကိုယ်ခံအားက ကောင်းတာမဟုတ်ဘူး။ ဒီတစ်ခေါက် ကိုယ်ဝန်ရလာတော့ ကလေးမယူဖို့ ကျွန်မပြောသေးတယ်။ အကြီးဆုံးတစ်ယောက်က တစ်နှစ်ပဲရှိသေးလို့ ကျန်းကျန်းမာမာဖြစ်မှ ကလေးထပ်ယူပါလို့ ပြောတာကို နားမထောင်ဘူး။ ကလေးတွေမြန်မြန်မွေး၊ မြန်မြန်ကြီးပြီးရင် ကိုယ်လုပ်ချင်တာ လုပ်နိုင်မယ်တဲ့.. အခုတော့ ကြည့်အုန်း....."

ဖုန်းတစ်ဖက်မှာ သူစကားတွေ အများကြီး ပြောဖြစ်တယ်။ အကြာကြီးငိုခဲ့တယ်။ ကျွန်မနဲ့အပြင်မှာ တွေ့ပြန်လည်း အများကြီးပြောပြီး အကြာကြီးငိုခဲ့ပြန်သေးတယ်။ အစ်မအတွက် ပြောမယ့်စကားတွေ၊ အစ်မကို ပြောသင့်တဲ့စကားတွေ အခုတော့ ပြောဖို့အခွင့်အရေးတောင် မရှိခဲ့တော့ပါဘူး။

သူအလုပ်ကထွက်ပြီး အစ်မရဲ့ နောက်ရေးကို သွားကူခဲ့တယ်။ မွေးကင်းစကလေးကို ချီပြီး ကျွန်မဆီ သူဖုန်းဆက်ခဲ့တယ်။ ဖုန်း ဟိုဖက်မှာ ကလေးငိုသံကို ကြားတယ်။ သူ့ငိုသံကိုလည်း ကြားတယ်။ ဖုန်းရဲ့ ဒီဖက်မှာ ကျွန်မလဲ ငိုခဲ့မိတယ်။ အစ်မ အိမ်ထောင်ကျတာ (၃)နှစ် ရှိပေမယ့် အစ်မအိမ်ကို သူတစ်ခါမှ မရောက်ခဲ့ဖူးဘူး။ ပထမဆုံးအကြိမ် ရောက်တာကလည်း အစ်မရဲ့နောက်ဆုံးခရီးကို ပို့ဖို့ပဲဖြစ်ခဲ့တယ်။

သူ့ရဲ့ နောင်တနဲ့ နာကျင်မှုတွေကို ကျွန်မခံစားခဲ့မိတယ်။ ဒီလို နောင်တတွေ၊ နာကျင်မှုတွေက သူဘဝတစ်သက်စာလုံး အမှတ်တရ ရှိနေတော့မှာလေ....

အမေနေ့အတွက် အမေပို့စ်လို့ဆိုလာတဲ့ ကိုယောတစ်ယောက် ကျေနပ်နိုင်ပါစေ...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

original: http://www.yukz.com/novel/1/160-closer.html

9 comments:

Anonymous said...

hote tal naw ma 99. parents twae nae' near nay top parents twae yae' ga yu site mhu ko ma ti bu naw. away yout mha parents twae yae' tan pho ko ti top tal.ayar arr lone htet nar lal pay naing sone amay' ko po lwan tal ama yal.phit naing yin parents twae nae' pal nay chin top tal.but ma phit naing thay top lal away ka nay pal parents twae nae' sate mar po near ag nay ya top mal naw.

ပုတု said...

ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။
...??

ချမ်းချမ်း said...

ုအမှန်တကယ်ကို အဲဒီအတိုင်းပါပဲ
ကျွန်မက ကိုယ်ကိုတကယ်ချစ်ခင်ရင်းနှီးတဲ့သူဆိုရင် များသောအားဖြင့် ဂရုမစိုက်မိပါဘူး ။ အလေးတယူမပြုမိဘူး ဆိုရင်ပိုမှန်မယ် ။ သူတို့ကလည်း သူတို့က ကိုယ့်အတွက်အရေးမပါတဲ့သူလို့ သူတို့ကိုသူတို့ ကြာတော့ထင်လာရော ။အဲလိုဖြစ်တော့ ကြာရင်သူတို့လည်းခံစားရတယ် ။
သူတို့ မရှိတဲ့အခါကိုယ်လည်းခံစားရတယ် ။ ကိုယ်က ပိုဆိုးတယ် ။ နောင်တတွေနဲ့ အခုအရင်တုန်းကလို သူတို့ရှိရင်ကောင်းမှာဆိုတဲ့ အတွေးတွေနဲ့ ။

ကျွန်မပို့မှာ ကူးယူဖော်ပြခွင့်ပြုပါလို့ ခွင့်တောင်းချင်ပါတယ် ။

ကျေးဇူးပါအစ်မ ။

ချမ်းချမ်း said...

sorry sorry မှားသွားလို့
ကျွန်မ blog မှာ ကူးယူဖော်ပြခွင့်ပြုပါ လို့ ခွင့်တောင်းချင်ပါတယ်

koyaw79 said...

တကယ့်ကို ယုံကြည်မှု အပြည့်နဲ့ မနိုင်းနိုင်းကို အားကိုးတကြီး တောင်းဆိုခဲ့တာပါ၊ အမေအကြောင်းပို့စ်လေး တင်ပေးပါလို့၊ စာဖတ်သူကို တန်ဖိုးထားလို့ စာရေးသူရဲ့ စေတနာကိုလည်း တကယ့်ကို လေးစားမိပါတယ်၊ ဖြစ်နိုင်တယ် အပန်းမကြီးဘူးဆိုရင်တော့ မနိုင်းနိုင်းရဲ့ ကိုယ်တွေ့အမေ့မေတ္တာလေး ရေးပေးဖို့ တောင်းဆိုပရစေ၊ အမေ့သား အမေ့သမီး အားလုံးကို ကိုယ်စားပြု တောင်းဆိုခြင်းပါ မနိုင်းနိုင်း၊ ကျေးဇူးအများကြီး တင်ပါတယ်

မောင် said...

အ၇မ်းကောင်းတယ်...
မမ၉၉ အေ၇းအသား က တော့ တကယ်ကောင်းတယ်...

juuly said...

this post is my favorites.

meimeistar said...

ဖတ်ရင်းနဲ့ မျက်ရည်ကျတယ်အမရယ်

Anonymous said...

Ama... a khu ma loat sa yar tway a myar gyi kyan tay tal so tar ta di htar mi tal...may , mama ,koko doe ko chit tal loe ma pyaur ya tay bu........ a khu tot pyaur phot chance ma shi tay bu ama yal...
When ......??????